Notification...!အသိပေးခြင်း...(လ၀်ဟှိုင့်သေှ်ယာ့ဝးကိုဝ်ဟှာဍေစေ၀်လ၀်)

Hello, everybody. This Blog will present news, articles, poems, religious knowledge and, culture and traditions of Karen ethnic group, etc. Regarding religious knowledge, we believe that everyone has his or her respective human rights that one can freely worship what religion he likes as well as he has a chance to undertake his or her own welfare and others’. Thus, although this KDA organization is aimed for the development of education of our Karen Monks, it will also pay attention to both our Karen national ethnic group and religious affairs, especially, for our new generation. It should be aware of that in this Blog, there will not be allowed to present news, articles photos and poems concerning the religious conflicts, usages of dispute and controversy, the facts that can make harmful to others, religious attraction, stimulating other people to convert to one’s religion and the discrimination of religion and something like that in this Chat box.{Kwekabaung Dana Association - K.D.A}

Saturday, October 27, 2012

မန်နဲာပညာဝံသ (နောင်ဘို) အလှူပွဲမှတ်တမ်းဓာတ်ပုံနှင့် ထေရုပ္ပတ္တိအကျဉ်း

ပျံလွန်တော်မူသွားခဲ့သော သြစတြေးလျားနိုင်ငံ Victoria ပြည်နယ် Melbourne မြို့Werribee ရပ်ကွက် ဖှူံထုင်ယဲပြာထါ့(အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း)တွင် သီတင်းသုံးနေထိုင်သည့် သက်တော် ၄၅နှစ်၊ ၀ါတော် ၂၅၀ါရှိ မာန်နဲာပညာဝံသ (နောင်ဘို)အတွက်ရည်စူး၍ ၂၇-၁၀၀-၂၀၁၂ စနေနေ့ မွန်းလွဲ ၂း၀၀ နာရီ အချိန်တွင် တရားရေစက်ချပြီး အမျှပေးဝေခဲ့ပါသည်။

ထိုပွဲတွင် ဗုဒ္ဓဘာသာဝင်ဓမ္မမိတ်ဆွေများသာမက ခရစ် ယာန်ဓမ္မမိတ်ဆွေများအပါအ၀င် ဧည့်ပရိတ်သတ်ပေါင်းနှစ်ရာကျော် လာရောက်ဂါဝရပြုခဲ့ကြပါသည်။ ဆရာတော်ရဲ့ရုပ်ကလပ်ကို လာမည့် ၂၉-၁၀-၂၀၁၂ တနင်္လာနေ့မှ သင်္ဂြိုဟ်မည်ဖြစ်ကြောင်းရပ်နီးရပ်ဝေးဓမ္မမိတ် ဆွေများအသိပေးအပ်ပါသည်။

ဆရာတော်ရဲ့ ထေရုပ္ပတ္တိအကျဉ်း  
U Panna


၂၇-၁၀၀-၂၀၁၂ စနေနေ့အလှူပွဲမှတ်တမ်းဓာတ်ပုံများ

Saturday, October 20, 2012

မာန်နဲာပညာဝံသ (နောင်ဘို) ပျံလွန်တော်မူခြင်း


သက်တော် (၄၅) ၀ါတော် (၂၅) ၀ါရှိ မာန်နဲာပညာဝံသ (နောင်ဘို)

သက်တော် (၄၅) ၀ါတော် (၂၅) ၀ါရှိ မာန်နဲာပညာဝံသ (နောင်ဘို)သည် သြစတျေးလျနိုင်ငံ၊ မယ်လဘုန်းမြို့၊ Melbourne Karen Buddhist Association ကျောင်းတွင် (၂၀-၁၀-၂၀၁၂) စနေနေ့ ဒေသစံတော်ချိန် နံနက် (၆ နာရီ ၅၀ မိနစ်)တွင် အသည်းကင်စာရောဂါဝေဒနာဖြင့် ပျံလွန်တော်မူခဲ့ပါသည်။

မာန်နဲာပညာဝံသသည် ၂၀၀၈-ခုနှစ်တွင် သြစတျေးလျနိုင်ငံ၊ မယ်လဘုန်းမြို့၊ Melbourne Karen Buddhist Association ကျောင်းကို ရောက်ရှိသီတင်းသုံးနေထိုင်ပြီး ထိုအရပ်မှာရှိကြသောဗုဒ္ဓဘာသာကရင်လူမျိုးများ အတွက်ရော ဇွဲကပင်ပညာဒါနအသင်းအတွကပါ် ပြည်ပရောက်အဖွဲ့ဝင်တစ်ပါးအနေဖြင့် စွမ်းဆောင်တမံသာ သနာပြုလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။

ပျံလွန်တော်မူသွားသော မာန်နဲာပညာဝံသ (နောင်ဘို)အတွက် သူကြိုးစားအားထုတ်ခဲ့သောသာသနာ့တာ ၀န်များနဲ့အတူ ဘ၀တစ်ပါးကောင်းရာသုဂတိလားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်ပြီးကျန်ရစ်သူ မိသားစုများနှင့်အတူ ဇွဲကပင်အဖွဲ့သူ၊အဖွဲ့သားများအားလုံး ထပ်တူထပ်မျှဝမ်းနည်းမိပါကြောင်း ဒီဇွဲကပင် ဆိုက်ကနေ မှတ်တမ်းတင်အပ်ပါသည်။

ကြွင်းကျန်သောမာန်နဲာပညာဝံသ၏ရုပ်ကလပ်ကို  (၂၇-၁၀-၂၀၁၂ ) စနေနေ့တွင် သဂြို င်္ဟ်မည်ဖြစ်
ကြောင်း ပြည်တွင်း၊ ပြည်ပဒါယကာ၊ ဒါယိကာအားလုံး အသိပေးအပ်ပါသည်။

ဇွဲကပင်ပညာဒါနအသင်း

Saturday, September 29, 2012

ခွဲကဘောင်ပညာဥယာဉ်ကျောင်း သိမ်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေ

ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ အမှတ်(၉) ရပ်ကွက်၊ ခွယ်ကဘောင်ပညာဥယာဉ်ကျောင်းတွင် ခွဲကဘောင်ပညာဒါန အသင်းအလှူရှင်၊အလှူမများဦးစီးတည်ဆောက်လျှက်ရှိသော နှစ်ထပ်သိမ်ကျောင်း
ဆောင်ရဲ့ ပြီးစီးမှုအခြေအ နေကို အလှူရှင်များသိရှိရလေအောင် တင်ပြခြင်းဖြစ်ပါတယ်။

  အောက်ကပုံသည် လွန်ခဲ့သော (၃၀-၉-၂၀၁၂)လပိုင်းက နှစ်ထပ်သိမ်ကျောင်းဆောင်ရဲ့ပြီးစီးမှုအခြေ အနေဖြစ် ပါတယ်။

 

 အောက်ကပုံသည် လွန်ခဲ့သော (၈)လပိုင်းက နှစ်ထပ်သိမ်ကျောင်းဆောင်ရဲ့ပြီးစီးမှုအခြေ အနေဖြစ် ပါတယ်။

 နှစ်ထပ်သိမ်ကျောင်းဆောင်သည် မြေအောက်ထပ်အပါအ၀င် သုံးထပ်တိုက်စုလစ်မွန်းချွန်အဖြစ်နဲ့ဆောက်ထား တာဖြစ်ပါတယ်။ မြေအောက်ထပ်ကို မာလတီမီဒီယာ (multi media) ကွန်ပျူတာအခန်းထားဖို့ရည်ရွယ်ထားပါတယ်။ ဒုတိယ ထပ်ကိုတော့ စာကြည့်တိုက်အဖြစ်ထားရှိမှာဖြစ်ပြီး အပေါ်ဆုံးထပ်ကို ဥပုသ်ပြုသိမ်တက်၊ ရဟန်းခံစသည် အသုံးပြုဖို့လျှာထားပါတယ်။
 နှစ်ထပ်သိမ်ကျောင်းဆောင်သည် ဒီ ၁၁ လပိုင်း ကထိန်အမှီ ရေစက်နိုင်အောင် လက်ရှိကျောင်းမှာ တာဝန်ယူထားတဲ့ မာန်နဲာနာဂ၀ံသ (ကစို)က အားပတကုတ်လုပ်ဆောင်လျှက်ရှိပါတယ်။

 အောက်ပါပုံကတော့ အခုဒီ ၈ လပိုင်းတုန်းက ပေ ၂၀ x 40 ပတ်လည်ရှိ သုံးထပ်ကျောင်းဆောင်
တည်ဆောက် ဖို့ စတင်အုဌ်မြစ်ချတဲ့ပုံဖြစ်ပါတယ်။
 
(၃၀-၉-၂၀၁၂) သုံးထပ်ကျောင်းဆောင် တည်ဆောက်ပြီးစီးမှုအခြေအထား
ဒီအဆောင်သည် ပင်မကျောင်းဆောင်ကြီးမတည်ဆောက်ခင် activity လုပ် ငန်းများ စတင်နိုင်အောင် ကြိုတင်ဆောက်လုပ်ထားတဲ့အဆောင်ဖြစ်ပါတယ်။ ဒီအဆောင်ပြီးလျှင် ခွဲကဘောင်ပညာဥယာဉ်ကျာင်းမှာ speacking, computer training များ တဖြည်းဖြည်းနဲ့ စတင်နိုင်တော့မှာဖြစ်ပါကြောင်း အလှူရှင်များအား ၀မ်းမြောက်ဝမ်းသာဖြစ်နိုင်အောင် တင်ပြခြင်းဖြစ်ပါတယ်။

ခွယ်ကဘောင်ပညာဥယာဉ်ကျောင်းရဲ့ ကျောင်းအုဌ်တံတိုင်း ပရ၀ုဏ်ဓာတ်ပုံ 

 

မှတ်တမ်းတင်.... နဲာမေဓာ (ထီ့ဖေါဟ်စင်)

Sunday, September 23, 2012

တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဒိုင်ယာရီ အပိုင်း (၃)


ပြဿနာ အစပေါ်လာခြင်း
ကျောင်းသားဖြစ်ပြီးဆိုတော့ ပျော်ပြီးပေါ့။ ဒီလိုနဲ့ ဒီကို တက္ကသိုလ်လာတက်ချင်တဲ့ သူငယ်ချင်းတွေကိုလည်း ခေါ်ကြ။ ကျောင်းအပ်ကြနဲ့ ပထမ ခြောက်လအတွင်း အလုပ်ကို ရှုပ်နေကြတာပဲ။ အားလုံးပေါင်း စာရေးသူတို့အပါအ၀င်း ကျောင်းသား 20 ကျော်သွားတယ်။ နောက်မှ မရတဲ့သူတစ်ချို့ပြန်သွားတာတွေလည်း ရှိပါတယ်။ ကျောင်းသား 20 ကျော်မှာ 10 ပါးက  နာဂပူတက္ကသိုလ်၊ နောက် 10 ပါးက နာဂပူမြို့နဲ့ 45 ကီလိုမီတာလောက်ဝေးတဲ့ ရာမတေ့က် (Ramtek) မြို့မှာ ရှိတဲ့ K. K. Sanskrity တက္ကသိုလ်မှာ တက်တယ်။ နာဂပူမှာ မရတော့လို့ အဲဒီကို ပြောင်းလိုက်တာပါ။
ဒီလိုဖြင့် စာရေးသူတို့သည် နေရင်း ထိုင်ရင်း စားရင်း သောက်ရင်း ကျမ်းအတွက် စာတွေရေးရင်း စောင့်လာခဲ့ကြတာ တစ်နှစ်ပြည့်လုနီးပါး အချိန်ရောက်လာခဲ့တယ်။ approval က ကျမယ် ကျမယ်နဲ့ ဟော 2011 ဇွန်လိုင်လအစမှာပဲ မထင်မှတ်တဲ့ သတင်းတွေ အပြောင်းအလဲတွေ ထွက်လာတယ်။ အဲဒါကတော့ 2010 ဇွန်လ ဆက်ရှင် (session) မှ၍ admission တင်ပြီးသားရော မတင်ရသေးတဲ့ ကျောင်းသားရော အကုန်လုံး ဒေါက်တာဝင်ခွင့် (PET- Ph.d Entrance Test) ဖြေရမယ်တဲ့။ တကယ်တော့ ph.D ကျောင်းသားများ ၀င်ခွင့်ဖြေရမယ် ဆိုသော စည်းမျဉ်းသည် ဟိုးအစောပိုင်းကတည်းက UGC (တက္ကသိုလ်များ အုပ်ချုပ်ရေးအဖွဲ့) က ထုတ်ထားတယ်တဲ့။  သို့သော် ထိုစည်းမျဉ်းကို တက္ကသိုလ်အများစုက အခြေအနေစောင့်ကြည့်ပြီး အကောင်အထည်မဖေါ်သေးဘဲ နေခဲ့ကြတယ်တာတဲ့။
အစကတော့ စာရေးသူတို့ မပါသလိုလိုနဲ့ နောက်ပိုင်း စာရေးသူတို့ပါ ပါဝင်လာတော့ စိတ်ဆင်းရဲရတော့သည်။ သို့နှင့် နီးကပ်မှ သိရသဖြင့် အပြေးအလွားဝင်ခွင့်ဖေါင် တင်လိုက်ရသည်။ ၀င်ခွင့်ဖေါင် နောက်ဆုံးအချိန် နောက်ဆုံးမိနစ်မှပင် ဖြစ်တော့သည်။ အစကတော့ စာရေးသူတို့ မှန်းထားတာ ဘာပြောပြော Buddhism နှင့်ပတ်သက်တဲ့အကြောင်းတော့ အောင်မှတ်လောက်တော့ပါ မှာပေါ့။ ကျန်တာကတော့ တခြားဘာသာရပ်တွေပေါ့။ တကယ်လက်တွေ့ဖြေတဲ့နေ့မှာတော့ စာရေးသူတို့နှင့် ဆိုင်တဲ့ Buddhism တစ်လုံးတောင် မပါဘူး။ အထွေအထွေဗဟုသုတနဲ့ စာရေးသူတို့နားမလည်နိုင်တဲ့ science, maths, Logic စတာတွေနဲ့ပဲ ပါလာတော့ စာရေးသူတို့မှာ ငကန်းကို လမိုက်ညမှာ လမင်းကြီးကို ကြည့်ခိုင်းနေသလိုဖြစ် သွားတော့သည်။ ရှင်းရှင်းပဲ စာရေးသူတို့ မြန်မာကျောင်းသား 12 ပါးဖြေတာ တစ်ပါးမှ မအောင်မြင်ခဲ့ပေ။ ဖြေရတာလည်း online & computer နဲ့ ဖြေရသည်။ မိနစ် (၉၀)ပေးပြီး မေးခွန်း(၈၀) ဖြေရသည်။ အမှားအမှန်ခြစ် သဘောမျိုးဖြစ်သည်။ သို့သော် ကိုယ်မသိတဲ့ ဘာသာရပ် တွေကို ဘယ်သို့ဖြေရ မည်နည်း။ အချိန်အများကြီးပေးလည်း မရနိုင်ပေါင်။
ဤနေရာမှာ စာရေးသူတို့က မိမိတို့၏ ၀င်ခွင့်မအောင်မြင်မှုအတွက် အဆင်ခြေပေးနေတာ တော့မဟုတ်ပေ။ ကိုယ်ကျွမ်းကျင် လေ့လာဖူးခဲ့နယ်ပယ်ဒေသ ပညာရပ်မဟုတ်ရင် မည်မျှလွယ် စေကာမူ ဘယ်လိုအခြေအနေရှိမယ်ဆိုတာ စာဖတ်သူတို့ မှန်းနိုင်လောက်ပါသည်။ တကယ်တမ်း အားဖြင့် ဒီစည်းမျဉ်းသည် စာရေးသူတို့ တက္ကသိုလ်၌သာလျှင် ကျင့်သုံးရသည်မဟုတ်၊ အိန္ဒိယ တစ်နိုင်ငံလုံးရှိ (UGC- University Granted Committee) လက်အောက်ခံ တက္ကသိုလ်အားလုံး စည်းမျဉ်းအတိုင်း လုပ်ရသည်။ သို့သော် တခြားတက္ကသိုလ်တွေမှာ ကိုယ့်ဆိုင်ရာ ဘာသာရပ်ကိုပဲ ကိုယ့်ဌာနမှာ ဖြေရသည်။ စာရေးသူတို့ တက္ကသိုလ်က ထိုသို့မဟုတ်၊ အားလုံးနှင့်သက်ဆိုင်သော ဘာသာရပ်တစ်တစ်ခုကိုသာ ကိုယ်စားပြုသည်မဟုတ်သော မေးခွန်ပုံစံမျိုး (common questions) ကို လုပ်ပစ်လိုက်တော့ စာရေးသူတို့ အခက်တွေ့သွားကုန်သည်။ မေးခွန်ကတော့ သိပ်ခက်လှချည်း မဟုတ်ဟု ထင်ရသည်။ သို့သော် စာရေးသူတို့၏ ပညာရေးနောက်ခံ (Education Background) နှင့် လားလားမျှ မတူညီသောကြောင့် ဘယ်လိုနည်းနဲ့မျှ မရနိုင်ပေ။ စာရေးသူတို့အနေဖြင့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်လာရင် မေးခွန်း (၈၀)မပြောနဲ့ (၁၅၀) လောက် မေးလည်းဘာမှ မဖြစ်ဘူးလို့။
ဒီ PET (Ph.d Entrance Test) 2011 ဇွန်လှိုင်လမှ စတင်၍ တစ်နှစ် နှစ်ကြိမ် ကျင်းပသည်။ စာရေးသူတို့ စတင်ဝင်ရောက်တာက 2010 ဇွန်လှိုင်လဖြစ်သည်။ စာရေးသူတို့နှင့် တစ်နှစ်ကြာမှ ဒီစည်းမျဉ်းစတင်တယ်ဆိုတာ သိနိုင်သည်။ ဤသို့ဖြင့် စာရေးသူတို့သည် ၀ါရီ (worry) များရတော့သည်။ ဘယ်လို့လုပ်ရမှာနည်း။ ဤ အခြေအနေမှာ စာရေးတို့အတွက် ဒုက္ခိတကို ပျားတုတ်၊ နွားပိန် ချောင်ပိတ်ရိုက်ခံရသလို ဖြစ်နေသည်။ နေလာခဲ့တာလဲ တစ်နှစ် နီးပါး ရှိပြီး။ ကျောင်းလခ ရူပီ ၂၅၀၀၀ (ဒေါ်လာ ၆၀၀ နီးပါး) လည်းထည့်ပြီး ပြီ။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်တော့သည်။ သူတို့ကလည်း ဒီစာမေးပွဲမှ မအောင်ရင် approval letter ထုတ်မပေး သလိုလုပ်နေသည်။ နောက်တက္ကသိုလ်တစ်ခု ပြောင်းဖို့ဆိုတာလဲ ပြောသလောက် မလွယ်ကူချေ။ ဒါကြောင့် စာရေးတို့အဖွဲ့ က ဒီပြဿနာကို နည်းလမ်းရှာ ဖြေရှင်းဖို့သာ ရှိတော့သည်။

ပြဿနာကို ရင်ဆိုင်ခြင်း
စာရေးသူတို့သည် ၀င်ခွင့်အဖြေထွက်ပြီး နောက်တစ်ရက် 2011 ဇွန်လိုင်လ(13) နေ့မှာ တက္ကသိုလ် ပါမောက္ခချုပ်အား စာရေးသူတို့၏ အခြေအနေ အခက်အခဲကို သွားရောက် တင်ပြကြသည်။ အဲဒီတုန်းက စာရေးသူတို့ နာဂပူတက္ကသိုလ်ကျောင်းသားတွေသာမက K.K Sanskrity တက္ကသိုလ်ကျောင်းသားလည်း ပါသည်။ အားလုံးစာရေးသူတို့ မြန်မာကျောင်းသားစုစုပေါင်း အပါး(၂၀)၊ နောက် ထိုင်းကျောင်းသားတွေ ၁၀ ကျော်လောက်ရှိတယ်။ စာရေးသူတို့ အားလုံးတိုင်ပင်ပြီး ပါမောက္ခချုပ်ကြီးကို သွားတွေ့သည်။ တကယ်တမ်း ပါမောက္ခကြီးနဲ့တွေ့ဖို့ ငါးယောက်ပဲ ၀င်ခွင့်ပြုသည်။ ကျန်တဲ့ကျောင်းသားများ အပြင်မှာပဲ စောင့်နေရသည်။ အဲဒါ စာရေးသူတို့ မြန်မာကျောင်းသား သုံးယောက် ထိုင်းကျောင်းသား နှစ်ယောက် ပါမောက္ခနဲ့ဝင်တွေ့ပြီး စာရေးသူတို့၏ requesting letter (သနားခံစာ) ကိုပေးအပ်ခဲ့ပြီး စာရေးသူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြောင်းကို ပြောပြသည်။ စာရေးသူတို့ ဒီမှာရောက်တာ တစ်နှစ်ရှိပြီးဖြစ်ကြောင်း၊ ကျောင်းကြေးလည်းပေးပြီးဖြစ်ကြောင်း၊ admission form ကိုလည်း 2010 ဇွန်လိုင်လကတည်းက တင်ပြီးဖြစ်ကြောင်း၊ ဒီစည်းမျဉ်း ကြောင့် စာရေးသူတို့ စိတ်ပျက်ရပါကြောင်း၊ ဒီစည်းမျဉ်းအတိုင်း လုပ်မယ်ဆိုရင်လည်း စာရေးသူတို့ ဘာသာရပ်နှင့် ဆိုင်သော မေးခွန်းမျိုးကို မေးစေလိုကြောင်း၊ တက္ကသိုလ်စရောက်တုန်းက ဒီ စည်းမျဉ်း မရှိခဲ့ကြောင်း၊ ရှိခဲ့လျှင် လာဖြစ်မည်မဟုတ်ကြောင်း၊ ခုမှ နောက်ဆုတ်ဖို့ဆိုတာလည်း များစွာနစ်နာ မည်ဖြစ်ကြောင်း စသဖြင့် တင်ပြခဲ့သည်။ သူနဲ့ အကြာကြီးတော့ ပြောခွင့် မရခဲ့ပါ။
သူကလည်း သူ့ဘက်က ဒါကို အဲဒီလိုတော့ မလုပ်ပေးနိုင်ကြောင်း ဒီမေးခွန်းတွေဟာ ဘာသာရပ်တစ်ခုခု၊ ဒါမှမဟုတ် ဌာနတစ်ခုခုကိုရည်ရွယ်ထုတ်တာ မဟုတ်ကြောင်း၊ ထို့ပြင် သင်တို့ ဘာသာရပ်အတွက်ကိုသာ မေးခွန်းထုတ်ဖြေနိုင်မယ်ဆိုရင် တခြားသော ဘာသာရပ်က ကျောင်းသား တွေလည်း ဒီလိုပဲ တောင်းဆိုလာနိုင်ကြောင်း အဲဒီလိုဆိုရင် တက္ကသိုလ်က လုပ်မပေးနိုင်ကြောင်း ဒါကြောင့် အများနဲ့ သက်ဆိုင်သော (common questions)ကိုသာ ပြုလုပ်ထားဖြစ်ကြောင်း စသည်ဖြင့် စာရေးတို့ကို ပြောပြပြီး ပြန်လွတ်လိုက်သည်။ သူနဲ့ ၁၀ မိနစ်ခန့်သာ ပြောခွင့်ရခဲ့သည်။
ဒီလိုဖြင့် စာရေးသူတို့ သေချာတဲ့ အဖြေမရဘဲ ပြန်ထွက်လာခဲ့ကြသည်။       အဆောင်ရောက်တော့ စာရေးသူတို့ တိုင်ပင်ကြပြီး ဒီလိုဆိုရင်တော့ မဖြစ်နိုင်ဘူး။ ဒို့တွေ ဘယ်နှစ်ကြိမ်ဖြေဖြေ အောင်နိုင်ဖွယ် မရှိဘူး။ တစ်ယောက်တစ်လေ ကံကောင်းလို့အောင်ရင်တောင် ကျန်တဲ့သူတွေ ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် ဒီစာမေးပွဲမှ ဖြေခွင့်လွတ်အောင် လုပ်ကြရုံသာ ရှိတော့တယ်။ ဒီလိုဖြင့် စာရေးသူတို့သည် စာရေးသူတို့၏ Supervisors (ကြီးကြပ်ရေး) များကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်း ရသည်။ ကံကောင်းတယ်လို့ ဆိုရမလားမသိ၊ စာရေးသူတို့ Supervisors များသည် ဗုဒ္ဓဘာသာဝင် တွေဖြစ်နေကြတော့ ဒီအပေါ် အာရုံစိုက်မှုရှိခဲ့သည်။ သူတို့ကလည်း ဒီကိစ္စရှင်းအောင် အဆင်ပြေအောင်လုပ်ပေးမည်ဟု ပြော၍ စိတ်သက်သာရာရခဲ့သည်။ လုပ်ပေးမည်၊ အချိန်တော့ ကြာမည်ဖြစ်သည်။ ဒီလိုဖြင့် စာရေးသူတို့သည် အချိန်ကာလဆိုတာကို စောင့်ဆိုင်းရတော့သည်။ ထိုအချိန်မှစ၍ စာရေးသူတို့အားလုံး စိတ်ဓာတ်ကျကုန်သည်။ စာလုပ်ချင်စိတ်မရှိတော့ချေ။ လုပ်ထား ခဲ့တဲ့စာတွေကိုလည်း ပစ်ထားလိုက်တော့သည်။ ဒီကိစ္စအဆင်မပြေမချင်း စာလုပ်နိုင်မှာမဟုတ်ပေ။ Supervisors တွေကလည်း အဲဒီအချိန်ကစပြီး သူတို့လုပ်နိုင်သမျှ အတိုင်းအတာကို လုပ်ဖို့စတင် လှုပ်ရှားတော့သည်။ နောက်လာမည့် Academic အစည်းအဝေးမှာ ဒီကိစ္စကို တင်ပြပြီး အဆင်ပြေ အောင် လုပ်မည်ဟု ပြေသည်။ စာရေးသူတို့သည် နောက်လာမည့် တက္ကသိုလ်အစည်းအဝေးကို တမျှော်မျှော်ဖြင့် စောင့်နေရတော့သည်။ ဒီနည်းဖြင့် တစ်လပြီး တစ်လ အချိန်ကုန်လွန်ခဲ့သည်။ အိပ်မပျော်သောသူအတွက် ညတာရှည်၏သကဲ့လို့ မျှော်နေသော စာရေးသူတို့ဖို့လည်း တစ်ရက်တာ ဟာ တစ်သက်စာပမာ ရှည်လှပါ၏။ သို့သော် အမေးရှိတော့ အဖြေရှိရသည်၊ ပြဿနာရှိတော့လည်း ပြဿနာပြေကြောင်း ရှိကို ရှိရမည် ဟု ယုံကြည်သည်။ သို့သော် စိတ်ရှည် သည်းခံရမည် ဖြစ်သည်။

မျှော်သူနေသူတစ်ဦးရဲ့ ရင်လှိုင်းခတ်သံ
ဤသို့နှယ် စာရေးသူတို့ စောင့်လာခဲ့တာ ရာသီတွေပြောင်း လပေါင်းကုန်လွန် ပြက္ခဒိန်စာရွက် တွေလည်း တစ်ရွက်ပြီးတစ်ရွက် စုတ်ပြတ်ဟောင်းနွမ်း ခဲ့ရပြီး။ စောင့်ခဲ့ရလို့ ကုန်ခဲ့သောအချိန်တွေ ဟာ ကမ္ဘာ့အပြေးချိန်ပီယံ  ဟူစိန်ဘောတ်အတွက် နှမြောစရာ ရွှေထုပ်များဖြစ်နေမလား တောင် စဉ်းစားနေမိတယ်။ စာရေးသူတို့အတွက်တော့ စုတ်ပြတ်သွားတဲ့ ပြက္ခဒိန်စာရွက်ဟောင်း တစ်ရွက်မျှသာ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကာလအတွင်းမှာ ညဉ်းညူသံတွေ၊ နောင်တသံတွေ၊ စိတ်ပျက်အားငယ်သံတွေနှင့်အတူ စောင့်နေရသူတစ်ဦးရဲ့ ရင်ထဲက ဘယ်သူမှ မကြားနိုင်တဲ့အသံတွေဟာ ကေသရာဇာ ခြသေ့င်္မင်းကြီး ဟိန်းဟောက်သံထက်တောင် ကျယ်လောင်နေသလား။ သို့သော် ငါရွေးချယ်ခဲ့တဲ့လမ်းပဲဆိုပြီး ကိုယ့်ရင်ဝကို ကိုယ်ဖိရင်း အားနည်းလှ ကိုယ့်ကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ကာ စောင့်နေခဲ့ရတယ်။
2010 က 2011, 2011 က 2012 ရောက်လာပြီး။ 2012, (3) လပိုင်းလောက်မှာ အပျင်းဖြေဖို့ မွေးမြေသို့ တစ်ခေါက် အလည် ပြန်ရောက်ခဲ့ပြန်တယ်။ အနိုင်ပိုင်းပြီးပြန်လာရမယ့် အချိန်အခါမျိုးမှာ အရှုံးအနိုင်မပေါ်တဲ့ အားကစားသမားတစ်ဦးရဲ့ ကစားကွင်းမှ ထွက်ခွါခဲ့ရတဲ့ ခြေလှမ်းဟာ အောင်မြင်တဲ့ခြေလှမ်းမျိုးတော့ ဘယ်သွက်လက်ပါ့မလဲ။ အော် သို့သော် အဝေးကွင်းမှာ ကန်ရတာ လို့သာ ဖြေသာပြီး အိမ်ပြန်ခဲ့ရတာပေါ့။

သန္ဓိဋ္ဌာန်တစ်ဝက် နှင့် အားဆေးတစ်ခွက်
အမိမြေမှာ သုံးလကျော်လောက် ကြာခဲ့တယ်။ ထိုအတောအတွင်း တက္ကသိုဘ်ဘက်ကို နားစွင့်ရင်း သတင်းနားထောင်ခဲ့တယ်။ ကြားရပြီး။ 2012 ဇွန်လ ရဲ့ တစ်ရက်သောနေ့မှာပေါ့။ နာဂပူတက္ကသိုလ်က နိုင်ငံခြားသားကျောင်းသားများကို Examption (၀င်ခွင့်ဖြေဆိုခြင်းမှ ကင်းလွတ်ခွင့်) ပေးလိုက်ပြီးတဲ့။ ကဲ ကောင်းလိုက်တဲ့ သတင်း၊ အားဆေးတစ်ခွက်ထက်တောင် အစွမ်းထက်သေး။ အောက်ရောက်လုနီးပါး ကျနေတဲ့စိတ်ဓာတ် အပေါ်သို့ ပြန်တက်လာခဲ့ပြီး။ ဒါပေမယ့် အဲဒါ လာမည့် ကျောင်းသားအသစ် အတွက်တဲ့။ ကျောင်းသားဟောင်းတွေအတွက် သိပ်မသေချာဘူး။ ဟော- အားဆေးထဲမှာ နည်းနည်း ဘာမီတွန်ပါတယ်။ အိပ်ငိုက်စရာပဲ။ 2012 ဇွန်လိုင်လ 23 ရက်နေ့မှာ အမေ့အိမ်မှာ အိန္ဒိယသို့ ဒီတခါ Ph.D မပြီးမချင်း မပြန်ဘူးကွ ဟူသော သန္ဓိဋ္ဌာန်တစ်ဝက်ဖြင့် ထွက်ခွါလာခဲ့ပြန်တယ်။

အထူးသတင်းကောင်း
ခုတော့ ပြဿနာတစ်ဝက်ရှင်းပြီးလို့ ဆိုနိုင်သွားပါပြီး။ တကယ်တော့ ပြဿာနာက လေးပုံ သုံးပုံးလောက်တော့ ရှင်းပြီးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရေးကို အားထုတ် ဖြေရှင်းပေးတဲ့ ဆရာကြီးတွေရော ဌာနမှူးကပါ အားလုံး အိုကေပြီးလို့ ပြောတဲ့အတွက်ကြောင့် တကယ်လည်း ခု VC (Vice Chancellor) တက္ကသိုလ်ပါမောက္ခချုပ်ကိုလည်း စာရေးသူတို့ ကိုယ်တိုင် သွားတွေ့ပြီး ဒီကိစ္စကို ဖြေရှင်းပေးနိုင်တဲ့အတွက်ကြောင့် ကျေးဇူးတင်စကားသွားပြောပြီးပါပြီး။ ဒါကြောင့် သုံးပုံ တစ်ပုံပြေ ပြီးလို့ ပြောတာပေါ့။ တစ်ပုံ မပြေနိုင်သေးတာက approval letter လက်ထဲ မရောက်သေးတာကြောင့်ပါ။ တက္ကသိုလ်ဘက်ကလည်း လာမည့် ၂၀၁၂ အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလ လောက်ဆိုရင် စာရေးသူတို့ကို လူတွေ့စစ်ဆေးပြီးမှ approval letter ကိုထုတ်ပေးမယ် ပြောပါတယ်။ အထက်ပါ ဆရာများ၏ ကြိုးပမ်းမှုတွေကြောင့် စာရေးသူတို့ မြန်မာကျောင်းသားတွေသာမက နိုင်ငံခြားသားကျောင်းသားများ နောက်ဆိုရင်လည်း ၀င်ခွင့် PET ကို ဖြေစရာမလိုတော့ပါဘူး။ နိုင်ငံခြားသားကျောင်းသားများကို ၀င်ခွင့်ဖြေဆိုမှုကနေ ကင်းလွတ်ခွင့် (Examption) ပေးလိုက်ပါပြီး။ ဒါကြောင့် နောက်လာမည့် ကျောင်းသားများရှိရင်တော့ ဒီအတွက် စာရေးသူတို့လို ပူစရာမလိုပါဘူး။ အားလုံး အိုကေ သွားပါပြီး။
ဒါပေမယ့် စာရေးသူတို့အဖွဲ့ကတော့  စောင့်လက်စမို့ စောင့်ရင်း စောင့်ရင်းဖြင့်----

အရှင်ဣန္ဒော (မြိုင်-ကမာ)
23.08.2012
                        ပြီးပါပြီ

Saturday, September 22, 2012

ကရင့်အမျိုးသား ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ပွဲ (ထိုင်းနိုင်ငံ)


ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသူလေးများ

ကရင့်အမျိုးသား ရိုးရာယဉ်ကျေးမှုတွေကို ရေရှည်တည်တန့်နိုင်ရန် ရည်သန်၍ ကရင်အမျိုးသားရိုးရာ ယဉ်ကျေးမှုထိန်း သိမ်းမြင့်တင်ပွဲကို ထိုင်းနိုင်ငံ၊ Thai PBS channel မှ ဦးဆောင်ကျဉ်းပကာ ယမန်နေ့ကစတင်ကာ Vibavadi Rangist ၀ိဘာဝဒီလန်စီ (ဘန်ကောက်မြို့) မှာ ကျင်းပခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသား ဆရာထီ့ဝါး၊ ကရင်ပြည်နယ်မှ ဆရာကျော်လိုက်သိန့်ဦးစီးတဲ့ ယဉ်ကျေးမှုအဖွဲ့နဲ့ ထိုင်း ကရင်အမျိုးသားတွေကစုပေါင်းပြီး ဖျော်ဖြေတင်ဆက်ကြပါတယ်။

ကျနော်က သတင်းအပြည့်အစုံမရသေးသည့်အတွက် ထိုင်းသတင်းဌာနကနေကြည့်ရှုပြီး တင်ပေး လိုက်တာဖြစ်ပါတယ်။
နောက်မှ အကယ်၍အချက်အလက်အပြည့်အစုံထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားဖြစ်ပါတယ်။

ဗွီဒီယိုတင်ဆက်မှု နှင့် ဆရာစောထီ့ဝါး အင်တာဗျူး(ထိုင်းနိုင်ငံ) Thai PBS Channel မှဒီမှာ ကြည့်ရှုနိုင်ပါတယ်။

ဗွီဒီိယိုတိုက်ရိုက်ကြည့်ရှုရန်  (youtube)

ကရင့်အမျိုးသား ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ပွဲ (ထိုင်းနိုင်ငံ) မှ ဓာတ်ပုံများ
 ကရင်အဆိုကျော်ဆရာကျော်လိုက်သိန့် 

 
 ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသား ဆရာစောထီ့ဝါး 


OKRSO နာယကစောဆိင့်ပြင်

   

Monday, September 10, 2012

တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဒိုင်ယာရီ အပိုင်း (၂)

နာဂပူတက္ကသိုလ်သို့ ကျောင်းအပ်နှံခြင်း 



အထက်မှာ ရေးခဲ့ပြီးသကဲ့သို့ နာဂပူတက္ကသိုလ်ကျောင်းသားဖြစ်ချင်သော သူများသည် အပိုင်း (၂) ပိုင်း လုပ်ရသည်။ ပထမတစ်ပိုင်းက အရင်ဆုံး Eligibility certificate ရအောင် လျှောက်ရသည်။ ထို့နောက် ထို certificate နှင့်တကွ အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံး၊ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးတို့၏ သံမှူးလက်မှတ်များပါသော ဖေါင် (admission form) ကို သတ်မှတ်ထားသော ရက်အတွင်း တင်ရသည်။
စာရေးသူတို့သည် 2010 မေလ တတိယပတ်လောက်မှ နာဂပူမြို့သို့ရောက်ရှိလာခဲ့သည်။ နာဂပူမြို့သို့ ရောက်လာတော့မှ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာကြား ရောက်သွားခဲ့သည်။ နာဂပူမြို့ထဲရှိသော ရှရီသာရိပုတ္တဗုဒ္ဓ၀ိဟာ ဘုန်းကြီးကျောင်းမှာ တည်းပြီး ထိုကျောင်းထိုင် ဘုန်းကြီးကပင် စာရေးသူတို့အား ကျောင်းအဖြစ် အပ်နှံခြင်း ကိစ္စအ၀၀ကို ကူညီခဲ့သည်။

မေလ တတိယပတ်လောက်မှာ လျှောက်တာ မေလကုန်ခါနီးတွင် Eligibility certificate ရသည်။ Eligibible certificate ကို တစ်ပတ်ကျော်လေးနဲ့ ရတော့ စာရေးသူတို့နှစ်ပါး အတော်လေး ပျော်သွားသည်။ (တကယ် လုပ်စရာအများကြီးကျန်သေးတယ်ဆိုတာ စာရေးသူတို့ မသိခဲ့ကြောင်း ရိုသားစွာ ၀န်ခံပါသည်)။ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးသူတို့က ဒီ certificate ရရင် ကျောင်းအပ်နှံတဲ့ကိစ္စ ပြီးပြီလို့ ထင်ခဲ့သည်။ ထို့သို့ မဟုတ်ခဲ့ပါချေ။ ထို certificate နှင့် တက္ကသိုလ်ကမှ ထုတ်ပေးသော လိုအပ်သော စာရွက်စာတမ်းများကို ယူ၍ နယူးဒေလီရှိ မြန်မာသံရုံး သံမှူးထံ လက်မှတ်ထိုးဖို့ သွားရဦးမယ်။ အဲဒီအချိန်မှာတော့ စာရေးသူတို့အား ဘယ်သူမှ လိုက်မပို့တော့ပေ။ စာရေးသူတို့ကို နာဂပူသို့ လာပို့သော သူငယ်ချင်းကလည်း နာဂပူမှာ ပူလွန်းလို့ မနေနိုင်တော့ဘဲ လွန်ခဲ့သော နှစ်ပတ်လောက်က ပုနေးကို ပြန်သွားပြီးဖြစ်သည်။ စာရေးသူတို့သည် နယူးဒေလီသို့ ကိုယ်တိုင် စမ်းတ၀ါးဝါးဖြင့်သွားရသည်။ အမှန်တိုင်းပြောရရင် အဲဒီတုန်းက ကြောက်စိတ် စိုးရိမ်စိတ် နည်းနည်းဝင်ခဲ့သည်။ ဘာဖြစ်လဲဆို တော့ တခါမှ မရောက်ဘူးတဲ့ နေရာ မတွေ့ဖူးတဲ့သူတွေ့ရဲ့ ကြားမှာ သွားလာရသည်ဆိုတော့ နည်းနည်း စိုးရိပ်စိတ်ဖြစ်မိတာ အမှန်ပင်။ အားလုံးကို (စိတ်ကြောင့်လားမသိ) ကြည့်လိုက်ရင် အမည်းတွေချည်း ဖြစ်သည်။

ဆင်ကန်းတောတိုး ပမာ
နယူးဒေလီရောက်ရင် တည်းခိုဖို့ နာဂပူဘုန်းကြီးက နယူးဒေလီမှာ ရှိသော သီဟိုဠ် ကောင်စစ်ဝန်ရုံးလိပ်စာကို ပေးခဲ့သည်။ သီဟိုဠ်ကောင်စစ်ဝန်ရုံးဆိုပေမယ့် သီဟိုဠ် Guest house ပါပဲ။ ခရီးသွားအများအပြား တည်းကြသည်။ နှစ်ယောက်အိပ်ခန်း တစ်ခန်းကို တစ်ည ရူပီ(၄၀၀) ပေးရသည်။
စာရေးသူတို့သည် နာဂပူမှ နယူဒေလီသို့ ရထားစီးပြီး သွားခဲ့သည်။ တစ်ညစီး မနက်ရောက်။ နောက်တစ်ရက် တနင်္လာနေ့မှာ သံရုံးသွားပြီး သံမှူးလက်မှတ်ယူ။ သံရုံးကလည်း လွယ်ကူစွာဖြင့် လက်မှတ်ထိုးပေးခဲ့သည်။ သည်လိုဖြင့် စာရေးသူတို့ နှစ်ယောက်သားတိုင်ပင်၍ နယူးဒေလီမှ အမြန်ဆုံးထွက်ခွါရန် ဆုံးဖြစ်ကြသည်။ တကယ်တမ်းအားဖြင့် စာရေးသူတို့သည် တည်းခိုးခန်းခ (၄)ရက်စာ ရှင်းထားသည်။ သို့သော် ကိစ္စက လွယ်လွယ်ပြီးသဖြင့် အချိန်မဆွဲတော့ဘဲ ဘုံဘေ (မိုဘိုင်း)သို့ အမြန်ပြန်ရန် ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ဘုံဘေကနေတဆင့် သီဟိုဠ်သို့ ပြန်ရမည်။ သီဟိုဠ်ကနေ မြန်မာနိုင်ငံပြန်ပြီး ဗွီဇာယူ နာဂပူသို့ ဇွန်လိုင် (၁၇) ရက်နောက်ဆုံးထား၍ စာရေးသူ့၏ admission form (ကျောင်းသားဖြစ်ရေးဖေါင်) ကိုတင်ရမည်ဖြစ်သည်။

နယူးဒေလီမှ ဘုံဘေသို ပြန်ဖို့ရန် အခက်တွေ့နေသည်။ အကြောင်းကား ရထားလက်မှတ်၊ ကားလက်မှတ်များကို ဘယ်လိုဝယ်ရမှန်းမသိ၊ အလိမ်ခံရမှာလဲ ကြောက်သည်။ နယူးဒေလီ ထမင်းဆိုင် တစ်ခုမှာ အလိမ်ခံရခဲ့ရပြီး။ ကူညီမယ့်သူရှိတုန်းကတော့ ကိုယ်က ဘာမှ ပူစရာမလို့၊ ရထားလက်မှတ်တွေကို သူတို့ဖာသာသူတို့ စီစဉ်ပေးသည်။ ဒါပေမယ့် သူများ ဘယ်လိုဝယ်မှန်း မသိ။ ဘယ်နေရာဝယ်ရမှန်းလည်းမသိ။ ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်းမသိ။ ကိုယ်ကလည်း ချက်ချင်း ပြန်ချင်သည်။ လက်မှတ်အေးဂျင့်တွေ သွားမေးတော့ ရထားလက်မှတ် တော့ အဲဒီလောက် လွယ်လွယ်လေးနဲ့ မရဘူးတဲ့။ လေယာဉ်လက်မှတ်မေးကြည့်ပြန်တော့ ဈေးအလွန်ကြီးသဖြင့် ကိုယ်က မတတ်နိုင်။ ကဲ- ဒါဆို ကားနဲ့ ပြန်မယ်။ စာရေးသူတို့သည် နယူးဒေလီကနေ ဘုံဘေ (မိုဘိုင်း)သို့ ဘယ်လောက်ကွာဝေးမှန်းလဲမသိ။ ဘယ်လိုသွားရမှန်းလဲကို မသိခဲ့ပေ။ အေးဂျင့်တွေကလည်း ကားဆိုရင် ဒီည ချက်ချင်းရနိုင်တယ်။ ဒါဆိုရင် စာရေးသူတို့ ကားလက်မှတ်ဖြတ်လိုက်သည်။ တကယ်တမ်း အဲဒီအချိန်မှာ အဲဒီရာသီဥတုမျိုးနဲ့ နယူးဒေလီ ကနေ ဘုံဘေးသို့ကားဖြင့် လုံးဝမသွားသင့်ပေ။ ဒါ စာရေးသူ၏ ကိုယ်တိုင်အတွေ့အကြုံ ဖြစ်သည်။ အကြောင်းကား အတော်ဝေးသည်။ ကားလည်း တဆက်တည်းမဟုတ်။ ကုလားအေးဂျင့်က နည်းနည်းမှလည်း အကျိုးအကြောင်းမရှင်းပြ။ သူ့လက်မှတ်ရောင်းရဖို့သာ ဖြစ်သည်။ နယူးဒေလီကနေ ဘုံဘေ(မိုဘိုင်း)သို့ နှစ်ညနှင့် တနေကုန် စီးရေသည်။ ပူပြင်းသောရာသီကာလမှ ငုတ်တုတ်ထိုင်ပြီး လိုက်လာခဲ့ရသည်။ လေအေးစက်လည်းမပါ။ ၀ယ်တုန်းက ဘယ်ကားမျိုးကောင်းလဲဆိုတာ မသိ။ Express ဆိုပြီး ၀ယ်လိုက်တာ။ ကားက ခတ်စုတ်စုတ်၊ အဝေးပြေးကား ဆွဲဖို့တောင် မသင့်တော်တော့သော ကားဖြစ်သည်။ အိပ်စင်နဲ့ ၀ယ်မရတော့ ထိုင်တဲ့ ခုံပဲ ယူလိုက်ရသည်။ သွားပြီးပေါ့။ ကိုယ့်နိုင်ငံက Express လိုမျိုးထင်တဲ့တာ။ အထဲရောက်မှ ငုတ်တုတ်မှန်း သိတော့တယ်။ ခုံများ ကျဉ်းက ကျဉ်းသေး။ (အိန္ဒိယအဝေးပြေးကားများ အိပ်စင် ပါသည်) ကားထွက်ချိန်လည်းမမှန်။

စာရေးသူတို့သည် ကားပေါ်ရောက်မှ ကားအကြောင်းသိလိုက်ရသဖြင့် ပေါက်သည့် နဖူး မထူးဇာတ်ခင်းရုံသာ ရှိတော့သည်။ ပြီးတော့ လက်မှတ်ဝယ်ခဲ့တဲ့ဆိုင်ကလည်း တစ်ည မိုးလင်းဆိုရင်ရောက်ပြီးဟု ပြောသည်။ အော်မယ်လေး အဲဒီစိတ်နဲ့သာ သည်းခံပြီး လိုက်လာခဲ့သည်။ ည၊ ညပြီး မနက်၊ ပြီး နေ့ခင်း ပြီး ညနေ၊ မရောက်သေးဘူးလားဆိုတော့ ရောက်သေးဘူး။ နောက်တစ်ည စီးရဦးမယ်။ အော်- သေပြီး။ ရာသီဥတုကလည်း ပူ။ ဘာမှလည်း မစားရ။ ဘာဝယ်စားရမှန်းလည်း မသိ။ ဘယ်ဟာ ၀ယ်စားရင် ကောင်းမလဲဆိုတာ မသိ။ အားလုံးက မာဆလာအနံ၊ ငန်စပ်စပ် ဒါမျိုးတွေပဲရှိသည်။ ဒေလီထမင်းဆိုင်မှာ အလိမ်ခံရပြီကတည်းက သစ်သီးဆွမ်းပဲ ဘုဉ်းပေးခဲ့တော့သည်။ မထူးဘူး။ ငှက်ပျောက်သီး ၀ယ်ပြီး အချိုရည်နဲ့ပဲ အစာအိမ်တွေကို ချော့သိပ်ပြီး လိုက်လာခဲ့ရသည်။
ဒီလိုဖြင့် တစ်ညလောက်စီးပြီး နောက်တစ်နေ့ ညနေ(၃) နာရီကျော်လောက် သစ်ပင်တစ်ပင်မှု မတွေ့ရတဲ့ မြို့တစ်မြို့ရောက်လာခဲ့သည်။ မြို့နာမည်တော့ မမှတ်မိတော့ပေ။ အဲဒီမှာ နားရမယ်။ ခု စီးလာမယ့်ကားက ဒီမှာပဲ ရောက်မယ်။ နောက်ကားတစ်စီးပြောင်းစီးရ မယ်လို့ စပယ်ယာက ပြောတယ်။ ဟ- သွားပြီး၊ ဒီတစ်ခါတော့ ဒို့ အလိမ်များခံလိုက်ပြီးထင်တယ်။ ဒါကြောင့် ကားသမားကို သွားပြောပြီး လက်မှတ်ကို ပြသည်။ သူတို့လည်း နောက်ကားပြောင်း ပေးမယ်၊ အဆင်ပြေအောင်လုပ်ပေးမယ် ပြောသည်။ နောက်ကားက ညနေ ငါးနာရီလောက်မှ ပြန်ထွက်မည်။

( တစ်ခု သတိရမိလို့ --ဖားအံကနေ ရန်ကုန်ဆိုပြီးပြေးနေတဲ့ ဟိုင်းလတ်လိုင်းကလို ပေါ့။ ရန်ကုန်ဆိုပြီး တက်စီးတော့ ပဲခူးရောက်တာနဲ့ ရှေ့ဆက်မသွား တော့ဘူး။ အဲဒီမှာ ပြောင်းစီးရတယ်။ ရွာသားတွေ ရန်ကုန်ကို အလည်လာတော့ အဲဒီကားတက်စီး မိတယ်။ ပဲခူးရောက်တော့ ဆင်းခိုင်းပါလေရော။ ကားပြောင်းပေးမယ်။ အဲဒီမှာ ရွာသားများက ဒို့ကိုများ တောသားဆိုပြီး ဒီလူတွေ နှပ်မလို့ထင်တယ်။ မဆင်းဘူး ရန်ကုန်မရောက်မချင်း မဆင်းဘူး။ ကားပေါ်မှာ ခပ်တည်တည် ကိုယ့်အထုပ်ကိုယ်ပိုက်ပြီး ထိုင်နေကြသည်။ တခြားလူတွေ ဆင်းကုန်ပြီး။ ရွာသားများတစ်ယောက်မှ မဆင်းဘူး။ နောက်တော့ စပယ်ယာလည်း စိတ်ညစ်သွားတယ်။ အဲဒီကျမှ အနီးရှိ ရဲစခန်းကိုအကူအညီတောင်းပြီး ရဲက လာ အာမခံပေးလိုက်တော့မှ ရွာသားများ ဆင်းလိုက်တော့တယ်။ )

ဒါဆိုရင် ဒီအချိန်လေးအတွင်း ဘယ်မှ သွားနေရမှာတုန်း။ သူတို့မှာ နားစရာနေရာလည်း မရှိ။ လူတစ်ကိုယ်လုံးလည်း ကားပေါ်မှာ ဖုန်ထတော့ ဖုန်တွေပဲ။ နွမ်းလည်း နွမ်းကုန်နေပြီး။ သူတို့က တည်းခိုးခန်းတစ်ခုသို့ လိုက်ပို့သည်။ နှစ်ယောက်ခန်း။ တစ်နာရီလောက်သာ နေရမည့်ဟာကို ရူပီတစ်ထောင် ပေးရသည်။ မတတ်နိုင်။ ကိုယ်လက်သုတ်သင် သန့်စင်ဖို့လို အပ်သည်။ လန်းဆန်းလာအောင်လုပ်ဖို့လည်းလိုအပ်တော့ အခန်းကို ယူလိုက်ရသည်။
ဒီလိုဖြင့် လေးနာရီခွဲလောက် တည်းခိုခန်းကထွက်ပြီး ကားဂိတ်ကို သွားရသည်။ ငါးနာရီခွဲဆိုပေမယ့်လို့ (၆) နာရီလောက်မှ ကားထွက်သည်။ နောက်တစ်နေ့ မနက်ရောက်(၇) နာရီ လောက် ဘုံဘေသို့ ရောက်လာခဲ့သည်။ ဘယ်သူမှလာမကြို။ ကိုယ့်ဘာသာကို သုံးဘီကားငှားပြီး သူငယ်များချင်း ရှိတဲ့ ဘုံဘေတက္ကသိုလ်သို့သွားသည်။ အဲဒီမှာ တည်းခိုးစရာနေရာမရှိသဖြင့် တစ်ညသာ အိပ်ပြီး မနက် ပုနေးက သူငယ်ချင်းလာခေါ်တော့ ပုနေးကို သုံးရက်လောက် နေလိုက်ရသေးသည်။ တကယ်တော့ ချက်ချင်း သီဟိုဠ်ကို ပြန်ချင်ပေမယ့် အပြန်လေယာဉ်လက်မှတ် ဒိတ် (date) မရသဖြင့် စောင့်လိုက်ရသည်။ သုံးရက်ကြာတော့ ပုနေးကနေ တစ်ခါ ဘုံဘေးကို ပြန်လာပြီး သီဟိုဠ်သို့ kingfisher လေယာဉ်ဖြင့် ပြန်ရောက်သွားသည်။

အမိမြေသို့ တစ်ခေါက်
သီဟိုဠ်ရောက်တော့ လုပ်စရာရှိတာ၊ သိမ်းစရာရှိတာများ သိမ်းပြီး မြန်မာပြည် ပြန်ရမှာဖြစ်သည်။ ဇွန်လဆန်းပိုင်းရောက်နေပြီး။ ဇွန်လိုင် (၁၅) ရက်နေ့ဆိုရင် ဖေါင်(form) အပြီးတင်ရမည်။ ဒါကြောင့် သီဟိုဠ်မှာ ငါးရက်လောက်ပဲ နေပြီး သူငယ်ချင်းများကို နှုတ်ဆက်ကာ မြန်မာပြည်သို့ (အဲဒီအချိန်တုန်းက) ပျော်ပျော်ကြီး ပြန်လာခဲ့သည်။ ပျော်တယ်ဆို ငါ တက္ကသိုလ် အောင်မြင်ပြီဆိုသည့် စိတ်ဖြင့် ပျော်ခဲ့ခြင်းဖြစ်သည်။ အဲဒီတုန်းက တခြားသူတွေနဲ့ နှိုင်းရင် စာရေးသူတို့က တစ်လကျော်လေးအတွင်းမှာ တက္ကသိုလ်က Eligibible certificate ရတယ်ဆိုတော့ တခြားသူများကလည်း အားကျသည်။ ကိုယ်ကိုယ်တိုင်လည်း ပျော်သည်။ (သို့သော် နောက်ပိုင်းဘာဖြစ်လာဘယ်ဆိုတာ အဲဒီတုန်းက စာရေးသူအပါအ၀င် ဘယ်သူမှ မသိရှာခဲ့ချေ)
ဤသို့ဖြင့် မြန်မာနိုင်ငံရောက်ပြီး ချက်ချင်း နောက်တစ်နေ့ အိန္ဒိယသံရုံးကို သွားပြီး ဗွီဇာလျှောက်သည်။ အဲဒီအချိန်တုန်းက ရန်ကုန်မှာ မိုးရွာနေပြီး။ နာဂပူမှာ နေပူတုန်း။ သံရုံးကိစ္စက တစ်ပတ်အတွင်း ပြီးသည်။ ဇွန်လလည်း ကုန်တော့မယ်။ လက်ကျန်အချိန်လေး (၆)ရက်အတွင်းမှာ ရွာပြန်ပြီး ဆရာသမား အမိဘ သင်္ဂဟများကို သွားရောက်နှုတ်ခဲ့သည်။ (တကယ်တော့ ပိုက်ပိုက် ပြန်ရှာတာပဲ)။
ဒါယကာ၊ဒါယိကာမအပေါင်းသူတော်ကောင်းတို့ကလည်း ရှိတာလေးနဲ့ လှူပေါ့။ ကိုယ်လဲ (ဘယ်သူ့ကိုမှ အားမနာပဲ) လှူလို့ ရတာလေးကို ယူပြီး ဇွန်လ ၂၈၊ ၂၀၁၀ မှာ အိန္ဒိယသို့ ပြန်လည် ထွက်ခွါလာခဲ့ ပြန်သည်။ နာဂပူရောက်တော့ ဇွန်လကုန်ခါနီးပြီးဆိုတော့ မိုးနည်းနည်းလေး ရွာလာပြီ။ အရင်လိုတော့ ခြစ်ခြစ်တော့ မပူတော့ပေ။ ဇွန်လှိုင်လ (၁) ရက်နေ့ကနေစပြီး နောက်ဆုံး ဖေါင်တင်ဖို့ သတ်မှတ်ထားတဲ့ ဇွန်လှိုင်လ (၁၅) ရက်နေ့အထိ လိုအပ်သော အချက်အလက်များကို လုပ်ရသည်။ ပညာရေးကိစ္စကြောင့် ပညာရေးနဲ့ဆိုင်တဲ့ ရုံးကိုသွား၊ နေထိုင်ဖို့ကိစ္စအတွက် ရဲရုံးကိုသွားရ၊ အာမခံအတွက် ပြည်ထဲရေးရုံးကို သွားရ၊ ဆေးစစ်တဲ့ကိစ္စအတွက် ဆေးရုံကိုသွားရ။ ကျောင်းကြေး အတွက် ဘဏ်နေတစ်ဆင့် သွားရတာဆိုတော့ ဘဏ်ကိုသွား၊ တော်တော် ရှုပ်သေးတဲ့အပိုင်း ကျန်တာကိုး။ ကံကောင်းတာကတော့ ဒီကိစ္စတွေကို နာဂပူဘုန်းကြီးနှင့် သူ့တပည့်တကာတွေ အဓိက ကူညီပေးတဲ့အတွက် များစွာ သက်သာခဲ့ရတယ်။ သူတို့ ကူညီပေးလို့။ နို့မဟုတ်ရင် မလွယ်ရေးချ မလွယ်။

အမေ့သား Ph.D ကျောင်းသားဖြစ်ပြီး

ဒီလိုဖြင့် ဇွန်လှိုင်လ (၁) နေ့ကနေ စတင်လုပ်ရှားလိုက်တာ ဇွန်လ (၁၅) ရက် နောက်ဆုံး ဒိတ်လိုင်း (deadline) အထိ ဖြစ်သွားသည်။ တကယ်တမ်း ဒီကိစ္စလေးတွေ ဒီလောက်ရက် အများကြီး မကြာသင့်ပေ။ သို့သော် စာရေးသူအထက်က တင်ပြပြီးသကဲ့သို့ အေ့ မိနစ် ( ၁ မိနစ်)၊ ဒိုး မိနစ်(၂-မိနစ်) ဆိုတာတွေနဲ့ တွေ့တော့ နောက်ဆုံးရက်အထိမှ ပြီးသွားတော့သည်။ များစွာအတွေ့အကြုံရခဲ့ပါသည်။
၁၅. ၀၇.၂၀၁၂ ရက်နေ့မှာ စာရေးသူတို့၏ admission form ကို တက္ကသိုလ် Ph.D cell (သုတေသန ဌာန) သို့ အောင်မြင်စွာ သွားရောက်တင်နိုင်ခဲ့သည်။ စာရေးသူအပါအ၀င် စုစုပေါင်း မြန်မာရဟန်းတော် (၄) ဖြစ်သည်။ admission form တင်ပြီးဆိုတော့ ကိစ္စကပြီးပြီတဲ့။ ကျောင်းသားဖြစ်ပြီးလို့သာ မှတ်လိုက်တော့တဲ့။ မဖြစ် မရှိတဲ့။ ကဲ အားလုံးကို အောင်မြင်သွားတော့ စာရေးသူတို့လည်း ၀မ်းသာသွားပြီး။ နောက် (၆) လ ကနေ တစ်နှစ်အတွင်း approval letter (ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ) ရတော့မယ်ပေါ့။ Approval အတွက်တော့ မပူနဲ့တော့ တဲ့။ ကျမ်းသာ ရေးတော့ ပြုတော့။ အဲဒီ approval ကျတာနဲ့ (၂)နှစ် ခွဲအတွင်း ကျမ်းပြီးရင် တင်လို့ရပြီး တဲ့။ ပျော်ပါပြီး။ အမေ့သား Ph.D ကျောင်းသား ဖြစ်ပါပြီး။ ။

သို့သော် ……..သို့သော်…………

Thursday, September 6, 2012

တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဒိုင်ယာရီ အပိုင်း(၁)



အရှင်ဣန္ဒော (မြိုင်-ကမာ)


(ခေါင်းစဉ်ကို ကြည့်ရုံဖြင့် ဤဆောင်းပါးသည် စာရေးသူ၏ မှတ်တမ်းဖြစ်ကြောင်း သိနိုင်ပါသည်။ သို့သော် တကယ့် ဒိုင်ယာရီစစ်စစ်တစ်ခုလို နေ့တွေ ရက်တွေ အတိအကျတော့ မပါပါ။ အဓိက စာရေးသူတွေ့ရသမျှ အတွေ့အကြုံလေး
ကို မှတ်တမ်းသဖွယ် ဖန်တီးရေးသားထား ခြင်းဖြစ်ပါသည်။ စာရေးသူသည် 2010 ခုကတည်းက အိန္ဒိယနိုင်ငံ နာဂပူမြို့သို့ ရောက်လာခဲ့သည်။ ရောက်ခါစမှစ၍ ခုချိန်ထိ တွေ့ကြုံသော အခြေအနေ အခက်အခဲများကို မှတ်တမ်း
သဘောမျိုးဖြင့် ဗဟုသုတရစေရန်အတွက် ရည်ရွယ်၍ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ ဤဆောင်းပါး၌ ပါဝင်မည့်
အကြောင်းအရာ အချက်အလက်အားလုံးတို့သည် စာရေးသူတစ်ဦး တည်း၏ အတွေးအမြင် အတွေ့အကြုံမျှသာ
ဖြစ်သည်။)


နာဂပူတက္ကသိုလ်နှင့် နာဂပူမြို့
နာဂပူတက္ကသိုလ်သည် နာဂပူမြို့၏ အချက်အချာကျသော လမ်းမကြီးပေါ်၌ တည်သည်။ နာဂပူတက္ကသိုလ်သည်
အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ဟောင်းများစာရင်း၌ ပါဝင်သော တက္ကသိုလ် တစ်ခု ဖြစ်သည်။ ဤတက္ကသိုလ်ကို အင်္ဂလိပ်
တို့လက်ထက် (1923) နှစ်တွင် စတင် တည်ထောင်ခဲ့သည်။ မှတ်တမ်းအရ ဤတက္ကသိုလ်ကို အဖွဲ့ဝင်ကောလိပ် (၆)ခုနှင့် ကျောင်းသား (၉၂၇) ယောက်ဖြင့် စတင် လည်ပတ်စေခဲ့သည်။ ထို့နောက် တဖြည်းဖြည်းနာမည်ရလာကာ
ခုဆိုရင် ဘွဲ့လွန်ပညာသင်ကြားရေး ဌာန-၇ ခု၊ လက်အောက်ခံကောလိပ်- ၃ ခု၊ အဖွဲ့ဝင်ကောလိပ်ပေါင်း- ၄၃၉
ခုဖြင့် လည်ပတ် နေပါသည်။
နာဂပူမြို့သည် မဟာရဋ္ဌပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး စာရေးသူရောက် ခဲ့ဖူးသေးသော အိန္ဒိယနိုင်ငံရှိမြို့များအနက် နေချင်စဖွယ်ကောင်းသော မြို့လေးတစ်မြို့ဖြစ်သည်။ စီးပွါးရေးအရ အချက်အချာ မကျ
သော်လည်း ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍပ်မှာ များစွာ အချက် အချာကျသည်။ အကြောင်းကား
နာဂပူမြို့သည် အိန္ဒိယနိုင်ငံ၏ အလယ်ပိုင်းတွင် တည်ရှိသောကြောင့် ဖြစ်သည်။ လိမ္မော်သီး အထွက်များလို့ လိမ္မော်မြို့
တော် (Orange city) ဟုလည်း တင်စားခေါ် ဝေါ်ကြသည်။ သန့်ရှင်းသည်။ သပ်ရပ်သည်၊ လူနေမှု ထူထပ်ခြင်းမရှိ၊ (အိန္ဒိယနိုင်ငံရှိ မြို့ကြီးများသည် လူဦးရေးထူထပ်လေ့ရှိသည်။)။ 2001 နှစ်ထုတ်ပြန်ခဲ့သော သန်းခေါင်စာရေးအရ လူဦး
2.5 သန်းရှိသည်။ စာရေးသူအတွက် နေချင်စဖွယ်ဖြစ်ရခြင်း အကြောင်းနောက်တစ်ခုကား ဤမြို့သည် ဗုဒ္ဓဘာသာဝင် အများအပြား နေထိုင်သောကြောင့် ဖြစ်သည်။ သူတို့ထံမှ များစွာသော အကူအညီ အလေးပေးမှု မရစေကာမှု သူတို့နှင့် လမ်းတွေ့ နှုတ်ဆက်ခွင့်ရတာကို အခြားသော ဘာသာဝင်များနှင့် မတူပဲ ဖီလင်တစ်မျိုးဖြစ်သည်။ လမ်းမှာတွေ့လျှင်
ဝန္ဒာမိ ဘန္တေကြီး (ဦးတင်ပါတယ် ဘုရား) ဟူသော အသံကို ကြားရသည်ကပင်လျှင် အင်အားတစ်မျိုး ဖြစ်သည်။ မျက်နှာက်ငယ်စရာမလို၊ ကြောက်စရာ မလို။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓဘာသာမြန်မာ ရဟန်းတော်တစ်ပါးအနေဖြင့် အသိအမှတ်ပြုခြင်း ခံရတာကိုပင်လျှင် ထူးခြားသော ခံစားမှုတစ်ခု ဖြစ်သည်။ ခြုံပြောရလျှင် ပတ်ဝန်းကျင် အနေအထား
အရကော လူ့အသိုင်းအ၀ိုင်းအရကော ရဟန်းတစ်ပါးအတွက် များစွာ အဆင်ပြေ သည်ဟု ဆိုနိုင်ပါသည်။
နာဂပူမြို့နှင့် မြို့ပတ်ဝန်းကျင်မှာ အထင်ကရနေရာကတော့ ဒိကသျဘူမိ ဖြစ်သည်။ ဒိကသျဘူမိသည် ဗုဒ္ဓဘာသာဝင်
များအတွက် အထူးပင်အရေးပါသော နေရာတစ်ခုဖြစ်သည်။ အကြောင်းသော်ကား ဤနေရာ၌ ဒေါက်တာ အဘေဒကာ ခေါင်းဆောင်သော လူပေါင်းလေးသိန်း နီးပါးလောက် တစ်ရက်တည်း ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းသော နေရာဖြစ်သည်။ ဒါကြောင့် ဤနေရာသည် ဗုဒ္ဓဘာသာဝင်များတို့၏ အထွဋ်အမြတ်ထားရာ နေရာဖြစ်
သည်။ (ဒိကသျဘူမိ (Deekshabbhoomi)-ဘာသာကူးပြောင်း သောနေရာ) ဤအကြောင်းကို နောက်ပိုင်း သီးသန့်ရေး
သား တင်ပြပါမည်။ နောက်တစ်ခုမှာ နာဂပူမြို့နှင့် ကီလိုမီတာ၂၀ ကွာဝေးသော Dragonpalace (နဂါးဘုရား) ဖြစ်သည်။
ကမ္မတီ (kamptee) မြို့ပြလေးမှာတည်ရှိပြီး ဂျပန်ဘုရားရုပ်တုတစ်ဆူ ကိန်းဝပ်စံပယ်တော်မူသည်။ ဤဘုရားကို 1999
နှစ်တွင် စတင်ဖွင့်လှစ်ပြီး လူအများကို လာရောက်ဖူးမျှော်ခွင့်ပေးခဲ့သည်။ Mother Noriko Ogawa Society, Japan မှ ဆောက်လုပ်လှူဒါန်းခဲ့သည်။ နာဂပူမြို့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဘူမိနက်သန်မြေဟု ဆိုလျှင် မမှားနိုင်ပေ။

နာဂပူတက္ကသိုလ်နှင့် မြန်မာကျောင်းသားအခြေအနေ
စာရေးသူတို့၏ တက္ကသိုလ်နှင့်ပတ်သက်သော အခြေအနေများကို တင်ပြချင်ပါသည်။ ဗဟုသုတရစေခြင်းအတွက်လည်း ရည်ရွယ်ပါသည်။ နာဂပူတက္ကသိုလ်၌ ယခုလောလောဆယ် မြန်မာကျောင်းသား ပညာသင်ရဟန်းတော် (၁၀) ပါးရှိသည်။
အားလုံး PhD (ဒေါက်တာ) ကျောင်းသားများဖြစ်ကြသည်။ နေရာတိုင်းမှာ အခက်အခဲရှိသည်ဆိုသည်မှာ အားလုံးလက်ခံပြီးသား ဖြစ်သည်။ သို့သော် အတိုင်းအတာတစ်ခုထိသာ ခံနိုင်ရည်ရှိကြသည်မှာ လူတို့သဘာဝပင်ဖြစ်သည်။ ဤအခက်အခဲမျိုးကို အိန္ဒိယမှာ ကျောင်းတက်ဖူးသောကျောင်းသားတိုင်း ကြုံရတတ်ပါသည်။ သို့သော် ထိုကျောင်းသားများ
သည် အတိုင်းအတာဆိုသော ဘောင်အတွင်းမှာသာလျှင် ကြုံရသည်ဟု ဆိုချင်ပါသည်။ စာရေးသူတို့ကား အတိုင်းအတာ တစ်ခုကို ကျော်သွားပြီးလို့တောင် ထင်ရသည်။ ရှိစေဦးတော့၊ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဟူသော စကားပုံကို လက်ကိုင်ထား၍ သီးခံပြီး စောင့်နေရသည်။ အခြားသောတိုင်းပြည်ကလူတွေနဲ့ ဆက်ဆံရတာကို စာရေးသူမကြုံဖူးသဖြင့်
မသိရပါ။ ဒါပေမယ့် (ဤတိုင်းပြည်ကလူ) အိန္ဒိယကုလားနှင့်ပေါင်းသင်း ဆက်ဆံရတာ အင်မတန်မှ စိတ်ရှည်ရသည်။

သူတို့က တစ်မိနစ်ဆိုရင် တစ်နာရီကြာချင် ကြာသည်။ တစ်ရက်ဆိုလျှင် တစ်ပတ်ကြာချင်ကြာတတ်၊ တစ်ဖက်လူ ခဏစိတ်
ချမ်းသာအောင် စကားကို အလွယ်ပြောလိုက် တတ်ကြသည်။ အိန္ဒိယမှာ နေဖူးသော သူများ အေ့ မိနစ်၊ ဒိုး မိနစ် ဆိုသော
အသံများ ကြားဖူးကြသည်ချည်း ဖြစ်သည်။ ဆိုင်မှာ ထမင်းသွားစားလျှင် မှာမှ ချက်သည်။ (ပူပူနွေးနွေးတော့ စားရပါသည်)
ဒါကြောင့် အနည်းဆုံးနာရီဝက် စောင့်ရသည်။ သူတို့သည် စိတ်အလွန်ရှည် တတ်ကြသည်။ ဤသည်မှာ သူတို့၏ ဓလေ့တစ်
ခုဖြစ် နေပင်ပြီး။ လူဦးရေများတဲ့အတွက် အလုပ်တစ်ခုလုပ်လျှင် အမြဲစောင့်ရသည်။ စောင့်ရင်းစောင့်ရင်း အကျင့်ပါကုန်ပြီး
ဟု စာရေးသူ ထင်သည်။ ဒါကြောင့် သူတို့သည် စိတ်ရှည်ကြသည်ဟု ဆိုခြင်းဖြစ် သည်။ ကိုယ့်လက်ထဲ မရောက်မချင်း
အဆင်ပြေပြီး၊ ရပြီးဟု မည်သို့နည်းမှ သတ်မှတ်၍ မရပေ။ ဤကား မယုံမရှိနဲ့ ငမုံကိုယ့်တွေ့ဖြစ်သည်။ ကဲ- နိဒါန်းကတော့
ရှည်သလိုဖြစ်သွားပြီး။ လိုရင်းကို ပြန်သွားရမယ်ဆိုရင် ဒီတက္ကသိုလ်ကို စရောက်တဲ့အချိန်ကနေ ပြောရမည်ဖြစ်သည်။

နာဂပူမြို့သို့ရောက်လာခြင်း
တကယ်အားဖြင့် အိန္ဒိယမှာ ကျောင်းလာတက်တော့မယ်ဆိုရင် ပထမဦးဆုံး အဆက်အသွယ် ရှာရသည်။ တစ်ချို့ကြ
တော့လည်း ကိုယ့်ဘာသာကိုယ်ကြိုးစားရှာကြသည်။ မည်သည့်ပုဂ္ဂိုလ်မျိုးကို အားကိုး ရမည်နည်း။ လက်ရှိ အိန္ဒိယနိုင်ငံ
အတွင်း တက္ကသိုလ်တစ်ခုခုကနေ ကျောင်းတက်နေဆဲဖြစ် သော ပုဂ္ဂိုလ်ကို အရင်ဆက်သွယ်ရသည်။ သူတို့ထံမှ သ
တင်း အချက်အလက်တွေနားထောင်ပြီး သူတို့က အဆင်ပြေလောက်တယ်လို့ခေါ်မှ လာရသည်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကခေါ်ပြီးဆိုရင် လုပ်စရာရှိတာအားလုံးကို သူတို့က ကူညီပေးရသည်။ supervisor (ကြီးကြပ်ရေးဆရာ) ရှာဖွေရေး၊ နေရေးထိုင်ရေး စားရေးသောက်ရေးကအစ သူတို့၏လမ်းညွန်မှုဖြင့် လုပ်ရသည်။ သည်လိုမှ မဟုတ်ရင်
မလွယ်ကူလှပေ။ ယခု ကျောင်းလာတက်တဲ့ သူများသည် ဤကဲ့သို့ချည်းပင်ဖြစ်သည်။ သည်နေရာမှာ သိစရာတစ်ခုက ယခုအိန္ဒိယရှိတက္ကသိုလ်များသည် နိုင်ငံခြားသားများကို အကန့် အသတ်နှင့်သာ လက်ခံတော့သည်။ ဒါကြောင့်
တက္ကသိုလ်က ကိုယ်တက်ချင်တဲ့တက္ကသိုလ်ထက် လက်ခံမည့် တက္ကသိုလ်ကိုပဲ ဦးစားပေးရှာသည်။ သူငယ်ချင်း
များကလည်း ထိုကဲ့သို့ပင် ရှာဖွေ မေးကြသည်။
စာရေးသူသည် အရင်က အိန္ဒိယကို တခါမှ မရောက်ဖူးသလို အိန္ဒိယသို့ရောက်သော သူများတွင် စာရေးသူနှင့်
ရင်းနှီးခင်မင် မိတ်ဆွေသူငယ်ချင်း တစ်ယောက်မျှ မရှိပေ။ ဒါကြောင့် တစ်ဆင့်ခံ အကူအညီဖြင့် အိန္ဒိယကို သီဟိုဠ်
ကနေတစ်ဆင့် စမ်းတ၀ါးဝါးနှင့် လာရသည်။ အတူလာသော သူငယ်ချင်းက အသိရှိသောကြောင့် သက်သာရာ
ရခဲ့သည်။ ထိုသူငယ်ချင်း၏ အသိက ပင်လျှင် စားရေးသူတို့ နှစ်ပါးကို ဤနာဂပူတက္ကသိုလ်သို့ လာရောက်အပ်နှံ
ပေးခဲ့သည်။ တကယ်တမ်းပြောရလျှင် ဒီတက္ကသိုလ်ကို အရင်က တခါမှ မကြားဖူးခဲ့ချေ။ စာရေးသူ တက်မည်ဟု
စိတ်ကူးယဉ်ထားသော တက္ကသိုလ်စာရင်းထဲမှာလည်း နာဂပူတက္ကသိုလ် မပါပါ။ စာရေးသူစိတ်ကူးယဉ်ထားတာက
ဘုံဘေ၊ ပုနေး၊ နယူးဒေလီစသော မြို့ကြီးတွေမှာ ရှိသော တက္ကသိုလ်တစ်ခုခုဖြစ်သည်။ သို့သော် အထက်ကပြော
ခဲ့သလို အခြေအနေအကြောင်းကြောင်း ကြောင့် အရင်ဦးဆုံးအဆင်ပြေသော တက္ကသိုလ်ကို တက်ခဲ့၇သည်။ ဒါကြောင့်
ဒီတက္ကသိုလ်နဲ့ ပတ်သက်ပြီး ကောင်းလားမကောင်း အခြေအနေ ဘယ်လိုရှိမှန်းလဲကို တကယ်မသိခဲ့ပေ။ နောက်
ပိုင်းမှ ရရှိခဲ့သော သတင်းအရ တက္ကသိုလ်က မဆိုးလှ။ မဆိုးလှဆိုသည်မှာ ဤတက္ကသိုလ်သည် အိန္ဒိယနိုင်ငံရှိ
ရှေးကျသော တက္ကသိုလ်စာရင်းဝင် တက္ကသိုလ်တစ်ခုဖြစ်သည်။ နိုင်ငံခြားသားများလဲ လာရောက်တက် ရောက်
သော တက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်အကြီးဆုံး မဟုတ်တောင် အစိုးရအသိအမှတ်ပြု (ugc) တက္ကသိုလ်တစ်
ခုဖြစ်သည်။
စာရေးသူတို့ သူငယ်ချင်းနှစ်ပါး ဧပြီလလောက်တွင် သီဟိုဠ်မှ အိန္ဒိယကိုလာသည်။ ဘုံဘေ၊ ပုနေး၊ ပြီးတော့ ဒီနာဂပူမြို့ ကိုရောက်လာကြသည်။ သူငယ်ချင်းတစ်ပါး၏အကူအညီ၊ နောက် နာဂပူမြို့မှာရှိသော ဘုန်းတော်ကြီးတစ်ပါး၏အကူညီဖြင့် နာဂပူတက္ကသိုလ်မှာ ကျောင်းအပ်ခဲ့ကြ သည်။ အဲဒီအချိန်သည် ရာသီဥတု ခြစ်ခြစ်တောက်ပူသောအချိန်ဖြစ်သည်။ စာရေး
သူတို့ အလူးအလဲ ခံခဲ့ရသည်။

နာဂပူတက္ကသိုလ်ကျောင်းသားအဖြစ်လျှောက်ပုံ
ဒီနေရာမှာ နာဂပူတက္ကသိုလ် ကျောင်းသားအဖြစ်လျှောက်ပုံ (admission procedure) တင်ပြချင်ပါသည်။ နာဂပူတက္က
သိုလ်သည် အခြားသော အိန္ဒိယနိုင်ငံရှိတက္ကသိုလ်များကဲ့သို့ မဟုတ်ဘဲ ကျောင်းသားအဖြစ်လျှောက်ပုံမှာ အနည်းငယ်
ကွဲပြားသည်။အများအားဖြင့်တက္ကသိုလ်အများစုသည်တိုးဗီဇာ(touristvisa) ဖြင့် ကျောင်းသားဖြစ်ရေး လျှောက်ရသည်။
ကျောင်းသားအဖြစ် approval letter ထုတ်ပေးပြီး ထို letter ဖြင့် ဒေါက်တာ ဗီဇာလျှောက်ရသည်။ ထိုနောက် အိန္ဒိယသို့ပြန်လာပြီး အေးဆေးကျောင်းတက်နိုင်ပြီး ဖြစ်သည်။

နာဂပူတက္ကသိုလ်ကား ထိုသို့မဟုတ်။ ဒေါက်တာ ဗီဇာနဲ့သာ ကျောင်းသားဖြစ်ရေး လျှောက်ရသည်။ ဒါကြောင့် အရင်ဦးဆုံး
eligibility certificate ရအောင် လျှောက်ရသည်။ Eligibility Certificate ကို Tourist Visa နဲ့လျှောက်ရသည်။ အဲဒီ
eligible certificate ဖြင့် မြန်မာနိုင်ငံပြန်ပြီး သုတေသနဗွီဇာ (Research visa) လျှောက်ရသေည်။ (တက္ကသိုလ်အများစုမှာ
ထို eligibility certificate ရလျှင် ကျောင်းသားဖြစ်သည်)။ထို Research Visa ဖြင့် ကျောင်းသားဖြစ်ရေး admission form ကိုပြန်တင်ရသည်။ ထို့ကြောင့် အကြမ်းဖျင်းအားဖြင့် ကျောင်းသားဖြစ်ရေး နှစ်ပိုင်း လုပ်စရာရှိသည်။ တစ်ပိုင်းက အရင်ဆုံး
eligible certificate လျှောက်ရမည်။ ဒုတိယပိုင်းက ထို certificate နှင့်တကွ Research visa ပါသော ပတ်စ်ပို့ဖြင့်
ကျောင်းသား (admission )ဖြစ်ရေးကို လျှောက်ရသည်။ eligible certificate ကိုလျှောက်ရတာ မကြာချေ။ တစ်
ပတ်ကနေ တစ်လအတွင်း ရနိုင်သည်။ ကျောင်းသားဖြစ်ရေး (approval letter) ကျဖို့ကား ကြာသည်။ ပုံမှန်အားဖြင့်
(၆)လ ကနေ (၁) နှစ်အတွင်း ထုတ်ပေးသည်။ ယခု စာရေးသူတို့ ကြုံတွေ့ရသော အခက်အခဲကား ဤ approval
letter ကိစ္စဖြစ်သည်။

အရှင်ဣန္ဒော (မြိုင်-ကမာ) 07.09.2012
(ဆက်လက်ဖေါ်ပြပါမည်)

Sunday, September 2, 2012

ဝတ်နခွန်အင် (နွန်ထဘူရီ) ´ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ´ ကျင်းပခြင်း


နှစ်စဉ်ကျင်းပမြဲဖြစ်သော ´လာခုဂ်ခါင်စူး´ ´ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ´ပွဲကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊
နခွန်အင်ကျောင်းတွင်(၂-၉-၂၀၁၂) တနင်္ဂနွေနေ့မှာ အောင်မြင်စွာကျင်းပခဲ့ပါသည်။ ´လာခုဂ်ခါင်စူး´ပွဲ
တော်ကို ၀ါခေါင်လဆန်း (၁)ရက်နေ့မှစ၍ ၀ါခေါင်လပြည့်နေ့ထိ ကျင်းပလေ့ရှိသော်လည်း ကျင်းပမည့်
ရက်အခက်အခဲတွေကြောင့် ၀ါခေါင်လပြည့်ကျော် (၁)ရက်နေ့မှစီရင်ကျင်းပနိုင်ခဲ့ပါသည်။ ၎င်းပွဲတော်
တွင် ဘန်ကောက်ဝန်ကျင်မှာနေကြတဲ့ ဧည့်ပရိတ်သတ်ပေါင်း ငါးရာကျော်လာရောက်ပါဝင်ဆင်နွဲခဲ့ပါ
သည်။



ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ နခွန်အင်ကျောင်းတွင် ကျင်းပခဲ့သော´လာခုဂ်ခါင်စူး´ ´ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂ
လာ´ပွဲကို အောက်ပါအခမ်းအနားဖြင့် စီရင်ကျင်းပခဲ့ပါသည်...

၁။ နတ်ခွန်အင်ကျောင်း ထိုင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း
၂။ ဆရာတော်၊ သံဃာတော်များဆွမ်းဆက်ကပ်ခြင်း
၃။ ထိုင်းဆရာတော်များထံမှ ထိုင်းဘာသာဖြင့် ရေစက်သွန်းချအမျှပေးဝေခြင်း
၎။ မာန်နဲာမေဓာနန္ဒက ´လာခုဂ်ခါင်စူး´ ´ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ´အကြောင်းသိကောင်းစရာကို
ဧည့်ပရိတ်သတ်များအား ရှင်းလင်းပြောကြားခြင်း
၅။ လှူဖွယ်ပစ္စည်းများ ကြွရောက်လာကြတဲ့ သံဃာတော်များအား ဆက်ကပ်လှူဒါန်းခြင်း
၆။ ကရင်ဘာသာဖြင့် ရေစက်သွန်းချအမျှပေးဝေခြင်း
၇။ ´လာခုဂ်ခါင်စူး´ ´ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ´ အခါသမယတွင် လူကြီးသူများက´ ဆောတ်ဝိလာ´
ခေါ် ၀ိညာဉ်ခေါ်ပြီး လူငယ်များအား ချည်ဖြူဖြင့် လက်ကောက်ဝတ်တွင် ချည်ပေးခြင်းမင်္ဂလာကိုစီရင်
ကျင်းပခဲ့ကြပါသည်။

၎င်း ´လာခုဂ်ခါင်စူး´ ´ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ´ ပွဲကိုဖြစ်မြောက်အောင် စေတနာထက်သန်စွာဖြင်
လှူဒါန်းကြသောအလှူရှင်၊ အလှူမများ၊ လာရောက်အားပေးကြသောဧည့်ပရိသတ်အားလုံးကို ´ခွယ်ကဘောင်
ပညာဒါနအသင်း´ မှအထူးကျေးဇူးတင်ရှိပါကြောင်း အသိပေးပြောကြားအပ်ပါသည်။

´လာခုဂ်ခါင်စူး´ ´ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ´ ပွဲကျင်းပပုံ မှတ်တမ်းဓာတ်ပုံများ...




































မှတ်တမ်းတင် ...
နဲာမေဓာ (ထီ့ဖေါဟ်စင်)

Thursday, August 16, 2012

15 ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲဗွီဒီယိုမှတ်တမ်း

ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲဗွီဒီယိုမှတ်တမ်း အဝေးနေအလှူရှင်များအတွက်တင်ပေးလိုက်တယ်။
တရားဟောတရားနာတဲ့အပိုင်းကတော့ မတင်တော့ဘူး။ နည်းနည်းစိတ်ဝင်စားမယ့်အပိုင်းလောက်ပဲတင်ပေးတယ်။